၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ပြသလိုက်တဲ့ DC ရဲ့ Joker Live Action ရုပ်ရှင်ဟာဆိုရင်တော့ဖြင့် ရုပ်ရှင်ချစ်ပရိသတ်များနဲ့ နာမည်ကြီးမီဒီယာအားလုံးလိုလိုရဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ ပြောမဆုံးအောင်ဖြစ်သွားခဲ့တာ တစ်ထောင့်တစ်ညပုံပြင်အလားပါပဲ။ ဒါရိုက်တာ Todd Phillips နဲ့ အဓိကသရုပ်ဆောင် Joaquin Phoenix တို့ရဲ့ အတွဲညီလှတဲ့ Joker ဇာတ်ကောင်သရုပ်ဖော်မှုဟာ အနုပညာအရည်အသွေးအရရော စီးပွားရေးအရပါ အတော်လေးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာဖြစ်ပါတယ်။ ထွက်ရှိလာပြီးရက်အနည်းငယ်အကြာမှာပဲ Marvel ရဲ့ Venom ဇာတ်ကား ရရှိခဲ့တဲ့ရုံဝင်ငွေပမာဏကို ကျော်လွန်သွားခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ အရှိန်အဟုန်ကောင်းစွာနဲ့ ရှိနှင့်ပြီးသား ရုပ်ရှင်လောကကမှတ်တမ်းများကို တစ်ခုပြီးတစ်ခု ကျော်လွန်လို့လာပါတယ်။
လက်ရှိအချိန်မှာ Joker ဇာတ်ကားဟာ ကမ္ဘာ့့စတုတ္တမြောက်ရုံဝင်ငွေအများဆုံးရရှိခဲ့တဲ့ DC ရုပ်ရှင်ဖြစ်သွားပြီလုုိ့ Warners Bros က တရားဝင်ကြေညာခဲ့ပါတယ်။ Joker ဇာတ်ကားရဲ့နိုင်ငံခြားရုံဝင်ငွေဟာ အခုအချိန်မှာ ဒေါ်လာ ၄၉၀ မီလီယံရှိနေပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်လာ ၇၃၇ မီလီယံအထိ မြင့်တတ်လို့လာပါတယ်။ စီးပွားရေးအရကြည့်မယ်ဆိုရင်တော့ အထူးသဖြင့်နိုင်ငံတကာစျေးကွက် ၁၇ ခုမှာ အကောင်းဆုံးရလဒ်တွေ ရရှိခဲ့တယ်လို့ဆိုနိုင်ပြီး အဲဒီစျေးကွက်တွေထဲက နိုင်ငံတစ်ချို့ကတော့ မက္ကဆီကို၊ ပြင်သစ်၊ အီတလီနဲ့ ရုရှားတို့ပဲဖြစ်ကြပါတယ်။ ဒါ့အပြင် Joker ဇာတ်ကားဟာ ဥရောပတိုက်မှာ ရုံဝင်ငွေအများဆုံး DC ရုပ်ရှင်ဖြစ်ပြီး အာရှတိုက်မှာဆိုရင်လည်း Batman v Superman: Dawn of Justice ကိုတောင် ကျော်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ Joker ဇာတ်ကားအနေနဲ့ အရှေ့သုံးနေရာက အသီးသီးရပ်တည်နေတဲ့ Aquaman, Wonder Woman နဲ့ Suicide Squad တို့ကို ဘယ်အချိန်မှာ ကျော်တတ်သွားမလဲဆိုတာကတော့ အားလုံးအချိန်နဲ့တစ်ပြေးညီစောင့်ကြည့်နေရတော့မှာပါ။