ာက်တိုဘာ ၁၃ ရက်နေ့ကစပြီး ပြင်ဆင်မွန်းမံချက်တွေ၊ အသစ်သွင်အမြင်သစ်နဲ့ ထွက်ရှိလာမယ်လို့ ကြေညာသွားခဲ့တဲ့ Fornite ဂိမ်းဟာ အနာဂတ်မှာ ဘယ်လိုမျိုးခြေလှမ်းတွေ လှမ်းလာမလဲဆိုတာနဲ့ ပတ်သက်ပြီး ဂိမ်းလောကက ဆွေးနွေးငြင်းခုံနေကြပါတယ်။ တစ်ချို့သောပရိသတ်တွေကတော့ Fortnite ဟာ End Game လို့ပြောပြီး ပြီးဆုံးသွားခဲ့တဲ့အတွက် ပြန်မှလာပါဦးမလားဆိုပြီး စိုးတထိတ်ထိတ်နဲ့ ရင်ပူနေကြသလို စထွက်လာကတည်းက Fornite ကို မကြိုက်သူများကလည်း အဆုံးသတ်သွားတာ နားအေးတယ်ဆိုပြီး ပြောဆိုနေကြပါတယ်။ ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးမှာ တစ်ခဲနက်အားပေးတဲ့ပရိသတ်တွေရှိပြီး တီထွင်မှုအသစ်အဆန်းတွေနဲ့ ဂိမ်းလောကရဲ့နာမည်အကြီးဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ Fornite ကတော့ ဒီလောက်နဲ့တင် ရပ်တန့်သွားမှာမဟုတ်ပါဘူး ဆိုတာပါပဲ။
Season 10 ပြီးဆုံးသွားတဲ့အချိန်မှာ ခဏတာအဆုံးသတ်သွားတဲ့ Fornite အနေနဲ့လည်း အကြံအစည်တစ်ခုခုကြောင့်သာ အခုလိုမျိုးလုပ်ရပ်ကိုအကောင်အထည်ဖော်လိုက်တာပါ။ ဘာကြောင့်လည်းဆိုတော့ Fornite ဂိမ်းဆာဗာများအားလုံးကျနေတဲ့ လက်ရှိ downtime ကာလအတွင်းမှာပဲ နောက်လာမယ့် Fornite ဂိမ်းဟာ Chapter 2 လို့အမည်ရကြောင်းနဲ့ နဂိုက ရှိရှိသမျှသော ဂိမ်းတွင်းပုံစံတွေ၊ ပတ်ဝန်းကျင်လောကနဲ့ ဂိမ်းကစားမှုပုံစံတွေကို အလုံးစုံပြောင်းလဲထားတဲ့ Fornite ဂိမ်းသစ်ဗီဒီယိုဟာ အင်တာနက်ပေါ်မှာ တက်ရောက်လာခဲ့လို့ပါပဲ။ ဘယ်သူမှမမျှော်လင့်ထားတဲ့ Fornite Chapter 2 Launch Trailer ကြောင့် ဂိမ်းလောကတစ်ခုလုံးအငိုက်မိသွားခဲ့သလို နောက်လာမယ့် Fornite ဟာ ပိုမိုသစ်လွင်တဲ့ပုံစံနဲ့ ဂိမ်းရသကို ဂိမ်မာတွေဆီ ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ဂိမ်းမီဒီယာကြီးတွေက သုံးသပ်ကြပါတယ်။ ဒါပေမယ့်လည်း တရားဝင်ထွက်ရှိလာမယ့်ရက်အတိအကျမထွက်ရှိသေးတာကြောင့် ပရိသတ်တွေရော၊ စိတ်ဝင်တစားစောင့်ကြည့်နေကြသူတွေပါ မကြာတော့တဲ့အနာဂတ်မှာထွက်ရှိလာမယ့် Fornite: Chapter 2 ကို စောင့်မျှော်နေရတော့မှာပါ။



0 Comments